About this product
ภาษาMyanmar
ประเภทของฉบับฉบับปกติ
ประเภทของปกปกแข็ง
ผู้พิมพ์Pin Myint San Books
เวอร์ชันไม่ได้ตัดทอน
ISBN/ISSNTK2345165263563565631561101
จํานวนต่อแพ็ค1
Product description
ဆရာမဂျူးရဲ့ ဒီစာအုပ်က စီးပွါးရေးပညာရှင် Paul Collier ရေးထားတဲ့ The Bottom Billion ကို ဘာသာပြန်ပြီးတော့ ဆရာမရဲ့ အတွေးအခေါ်၊ဗဟုသုတ တစ်ချို့နဲ့ ပေါင်းစပ်ကာ ရေးသားထားတယ်။ ဒီစာအုပ်ထဲမှာ နိုင်ငံတစ်နိုင်ငံကို ဆင်းရဲစေနိုင်တဲ့ ထောင်ချောက်ကြီးလေးခု အကြောင်းကို အကျယ်တဝင့် ရေးသားထားတယ်။ ဒီလိုဆင်းရဲခြင်းထောင်ချောက်မိနေတဲ့ နိုင်ငံတွေထဲမှာ ကျွန်တော်တို့ မြန်မာနိုင်ငံလည်း အပါအအဝင်ပေါ့ဗျာ။ ပြီးတော့ ဒီစာအုပ်ထဲမှာ ဆင်းရဲခြင်းထောင်ချောက်ကနေ လွတ်မြောက်နိုင်စေတဲ့ နည်းလမ်းတွေကိုလည်း ဖော်ပြထားတယ်။
ကျွန်တော်တို့နိုင်ငံရဲ့ လူအများစုက "ကံ"ကို ယုံကြည်တယ်။ ဘာဘဲလုပ်လုပ် ဘာဘဲဖြစ်ဖြစ် ကံကြောင့်လို့ မှတ်ယူကြတယ်။ ဆင်းရဲခြင်း၊ ချမ်းသာခြင်း … အစစအရာရာကို ကံကြောင့်လို့ ယုံကြည်တတ်ကြတယ်။ နောက်တစ်ခုက ရောင့်ရဲ တင်းတိမ်တတ်ခြင်း။ ထမင်းနပ်မှန်ရင်၊ ကိုယ်အဆင်ပြေနေရင် တခြားအကြောင်းအရာတွေကို စိတ်ဝင်စားတဲ့လူ နည်းတယ်။ဒို့တာဝန် အရေးသုံးပါးဖြစ်တဲ့ စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေရင်း ဆင်းရဲခြင်းအကြောင်းအရင်းနှင့်နောက်ဆက်တွဲ ပြဿနာများ၊ဆင်းရဲမှုက လွတ်မြောက်စေနိုင်မဲ့ နည်းလမ်းများကို အများစုက စဉ်းစားနိုင်မယ်မထင်ဘူး။ ဒီစာအုပ်ထဲမှာတော့ နိုင်ငံတစ်နိုင်ငံကို ဆင်းရဲမွဲတေစေနိုင်တဲ့ ထောင်ချောက်ကြီး လေးခုနဲ့ ထောက်ပြထားတယ်။အဲ့ဒီ ထောင်ချောက်လေးခုက
(၁) ပြည်တွင်းစစ် ပဋိပက္ခ ထောင်ချောက်
(၂) သဘာဝသယံဇာတ ထောင်ချောက်
(၃) ဆိုးဝါးသော အိမ်နီးချင်းနိုင်ငံများကြားတွင် ပိတ်မိနေတဲ့ ထောင်ချောက်
(၄) နိုင်ငံတွင် စီမံအုပ်ချုပ်မှု ညံ့ဖျင်းနေခြင်း ထောင်ချောက် - ဖြစ်တယ်။
ဆင်းရဲတဲ့ နိုင်ငံတွေက ဒီထောင်ချောက်လေးခုထဲက တစ်ခုခုနဲ့ ပိတ်မိနေကြလေ့ရှိတယ်။ ကျွန်တော်တို့တိုင်းပြည်ရဲ့ ထူးခြားချက်က ဒီထောင်ချောက်လေးခုစလုံးနဲ့ ပိတ်မိနေတာဘဲ။
ကျွန်တော်နိုင်ငံမှာ သဘာဝသယံဇာတ တွေ ပေါကြောင်း များကြောင်း ဂုဏ်ယူတတ်အောင် ငယ်ငယ်ကတည်းက သင်ခဲ့ဖူးတယ်။ ဒါပေမဲ့ ဒီသံယံဇာတတွေ "သုံးတတ်ရင် ဆေး မသုံးတတ်ရင် ဘေး" ဖြစ်မှန်း မတွေးတတ်ခဲ့ဘူး။ နိုင်ငံတစ်နိုင် ဆင်းရဲတွင်း နက်စေနိုင်တဲ့ အချက်တွေထဲမှာ နံပါတ် (၂) ဖြစ်တဲ့ သယံဇာတလည်း အပါအဝင်ပေါ့။ ဒီသဘာဝသယံဇာတကြောင့် ကိုလိုနီဘဝ ရောက်ခဲ့ရတယ်။ တစ်ချို့သယံဇာတွေ ကုန်ခမ်းသွားပြီး တစ်ချို့ကတော့ ကျန်နေတုန်းဘဲ။ တစ်ခါတစ်လေ ကျွန်တော်စဉ်းစားမိတယ် ဒီသယံဇာတ မရှိတော့တဲ့ အချိန်ကြရင် တိုင်းပြည်ကို အုပ်ချုပ်ချင်တဲ့ လောဘသားတွေ၊ လက်ဝါးကြီးအုပ်ချင်တဲ့ လူမျိုးတွေ နည်းသွားလိမ့်မယ်။ ဒါ့အပြင် တိုင်းရင်းသားလူမျိုးစုတွေလည်း သူတို့လိုချင်တဲ့လွပ်လပ်ခွင့် ရသွားနိုင်တယ်။ ပြည်တွင်းစစ်ဖြစ်စေတဲ့ အကြောင်းအရင်းထဲမှာ ဒီသယံဇာတလည်း ပါတာကိုး။တစ်ကယ်တမ်းတော့ တိုင်းပြည်တစ်ခု တိုးတက်ဖို့အတွက် ဒီသယံဇာတက အဖြေမဟုတ်ဘူး။ ဒီသဘာဝသယံဇာတကို အားကိုးလွန်းပြီးတော့ တိုင်းပြည်က ဆင်းရဲတွင်းနက်သထက် ပိုနက်လာခဲ့တယ်။ ဒီလိုဖြစ်လာနိုင်တဲ့ အကြောင်းအရာတွေကို ကြိုမြင်ခဲ့တာကြောင့် ဆရာဇော်ဂျီက "တို့တိုင်းပြည်" ကဗျာကို ရေးခဲ့တာ ထင်တယ်။
"ထလော့မြန်မာ အိုမြန်မာတို့
တို့ရွာတို့မြေ တို့ရွာမြေဝယ်
ယာစကာမျိုး တညှိုးညှိုးနှင့်
ပုထိုးမြင့်မောင်း ကျောင်းကြိုကျောင်းကြား
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။
ထလော့မြန်မာ အိုမြန်မာတို့
တို့ရွာတို့မြေ တို့ရွာမြေဝယ်
ရေချိုသောက်ရန် မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား များလည်းများ၏
တောကပြိတ္တာ ဖြစ်မည်တည်း။"
ဒီကဗျာထဲမှာ ဆရာဇော်ဂျီက သဘာဝသယံဇာတကို အသုံးမချတတ်ရင် သူတောင်းစားလောက်အဆင့်မရှိတဲ့ ယာစကာမျိုးတွေ၊ မြင်သာမြင်ရ မကြင်ရတဲ့ ပြိတ္တာတွေ ဖြစ်မှာကို ၁၉၃၅ခု နှစ်ကတည်းက ကြိုမြင်ခဲ့ပုံရတယ်။ တစ်ချို့ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေက သောက်စရာရေမရှိလို့ ဝယ်သောက်ရတယ်၊ မိလ္လာရေတွေကို သန့်စင်ပြီး သောက်ရတယ်။ ကျွန်တော်တို့မှာဆိုရင်ဖြင့် မြစ်ချောင်းအင်းအိုင်တွေ များမှများ၊သောက်ရေသုံးရေကလည်း အလျံပယ်ဘဲ။ အသီးအနှံတွေကလည်း ပေါမှပေါ။ ဒါပေမဲ့ မွဲတေနေတုန်းဘဲ။
နောက်ထောင်ချောက်တစ်ခုက ပြည်တွင်းစစ် ပဋိပက္ခ ထောင်ချောက်။ နိုင်ငံတိုင်း၊ လူ့အဖွဲ့အစည်းတိုင်းမှာ ပဋိပက္ခ ဆိုတာရှိစမြဲဘဲ။ ဆင်းရဲတဲ့ အောက်ခြေ နိုင်ငံတွေမှာ ကြုံရတတ်တဲ့ ပဋိပက္ခ နှစ်မျိုးရှိတယ်။
(၁) နှစ်ရှည်လများ တအုံတနွေးဖြစ်တဲ့ ပြည်တွင်း ပဋိပက္ခ
(၂) အာဏာသိမ်းခြင်းကြောင့်ဖြစ်တဲ့ ပဋိပက္ခ ။
အခုအချိန်မှာ ကျွန်တော်တို့နိုင်ငံက ဒီနှစ်ချက်စလုံးနဲ့ လာငြိနေတယ်။ လက်နက်ကိုင်တိုက်ပွဲတွင် သေဆုံးသူ တစ်ထောင်ထက်ပိုပြီး သူ့ဘက် ကိုယ့်ဘက် ၅%လောက်ထိပါဝင်နေရင် အဲ့ဒီပဋိပက္ခကို ပြည်တွင်းစစ်လို့ခေါ်တယ်။ အခုအာဏာ သိမ်းမှုကြောင့် ပြည်တွင်းစစ်ဖြစ်နေပြီလို့ဆိုနိုင်တယ်။ နောက်တစ်ခုက ဒီနိုင်ငံမှာ နှစ်ရှည်လများ ပြည်တွင်းစစ်ဘာကြောင့်ဖြစ်ရလဲဆိုရင် ဖိနှိပ် ချုပ်ချယ်ခံရလို့၊ အမြတ်ထုတ် ခေါင်းပုံဖြတ်ခံရလို့၊ တန်းတူအခွင့်အရေးမရလို့ ၊ လူမျိုးကြီးဝါဒ ကျင့်သုံးလို့ …အစရှိသည်ဖြင့် ပေါ့။ ဒီအကြောင်းအရာကို အခုထိ လက်မခံနိုင်တဲ့ လူတွေရှိသေးတယ်။ အရင်ကဆို ပိုဆိုးတာပေါ့။ ပထမတစ်မျိုးက Brainwash အလုပ်ခံရပြီး ဗဟုသုတမရှိတဲ့ လူတွေ နှင့် ဒုတိယတစ်မျိုးက တကယ်သိပြီး လူမျိုးစွဲအတ္တရှိတဲ့ လူကြီးတွေပေါ့။ ဒီအကြောင်းအရင်းကို လက်ခံနိုင်တာ လက်ခံရဲတာက ဗဟုသုတရှိပြီး အမှန်ကိုမြတ်နိုးတဲ့ လူငယ်တွေ များတယ်။ ဒါက ကျွန်တော်ရဲ့ တစ်ကိုယ်စာ အမြင်ပါ။ ဒီပြည်တွင်းစစ်ပဋိပက္ခတွေကလည်း နိုင်ငံကို ဆင်းရဲတွင်းထဲသို့ ဆွဲချတတ်တယ်။ ဆင်းရဲမွဲတေမှုကြောင့် ပြည်တွင်းစစ်ဖြစ်နိုင်သလို ပြည်တွင်းစစ်ကြာင့်လည်း ဆင်းရဲမွဲတေနိုင်ပြီး ပိုဆင်းရဲလေ ပြည်တွင်းစစ်က ပိုကြာလေ ဖြစ်တယ်။ မြန်မာနိုင်ငံက ဒီဝဲဂယက်တွေထဲမှာ လည်နေတော့တာဘဲ။
နံပါတ် သုံး အချက်ကတော့ အိမ်နီးချင်းဆိုး နိုင်ငံများကြားတွင် ပိတ်မိနေတဲ့ ထောင်ချောက်။ ဥပမာ- ယူဂန်ဒါ နှင့် ဆွစ်ဇလန် နှစ်နိုင်ငံစလုံးက အိမ်နီးချင်းနိုင်ငံတွေကြားမှာ ပိတ်မိနေကြတယ်။ ဒါပေမဲ့ ယူဂန်ဒါရဲ့ အဖြစ်က ဆိုးပြီးတော့ ဆွစ်ဇလန်နိုင်ငံ ကောင်းနေတာက အိမ်နီးချင်း နိုင်ငံကြောင့်ပါဘဲ။ မြန်မာနိုင်ငံမှာလည်း ဆိုးရွားတဲ့ အိမ်နီးချင်းနိုင်ငံတွေရှိနေတယ်။ ဒီလိုနိုင်ငံတွေက မြန်မာကို ဆင်းရဲတွင်းထဲက လွတ်မြောက်အောင် ဘယ်လို ကူညီရမလဲ စိတ်မဝင်စားကြဘူး။ သူတို့ရဲ့ အကျိုးစီးပွါးတစ်ခုတည်းကိုဘဲ ကြည့်တတ်ကြတယ်။ ဒီနိုင်ငံရဲ့ အာဏာရှင်စနစ် သက်ဆိုးရှည်နေတဲ့ အကြောင်းအရင်းထဲမှာ အိမ်နီးချင်းယုတ်တွေကြောင့်လည်း ပါတာကိုး။ ဒီအချက်က ခက်တယ်လို့မြင်မိတယ်။ ကျွန်တော်တို့နိုင်ငံကို "မ"ပြီးတော့ တခြားနေရာကို သွားရွေ့လို့မှ မရတာ။ ဒါပေမဲ့ ဒီစာအုပ်ထဲမှာ အိမ်နီးချင်းပြဿနာကို ဖြေရှင်းလို့ ရနိုင်တဲ့ စိတ်ဝင်စားဖွယ်နည်းဗျူဟာ (၉) ချက်နဲ့ ထောက်ပြထားတယ်။
နောက်ဆုံးအချက်ကတော့ စီမံအုပ်ချုပ်မှု ညံ့ဖျင်းသည့် ထောင်ချောက်။ ဒီအချက်က အရေးကြီးတယ်။ ဒီအချက်ကို ပြုပြင်နိုင်ရင် ပြည်တွင်း စစ် နှင့် သဘာဝသံဇာတ ဖြစ်တဲ့ နှစ်ချက်ကိုပါ လုပ်ဆောင်ဖို့ လွယ်သွားလိမ့်မယ်။ တစ်ချက်ခုတ် သုံးချက်ပြတ်ပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ နိုင်ငံမှာ လွတ်လပ်ရေးရတဲ့ အချိန်ကစပြီး အခုခေတ်ထိ ဒီအချက်ကို ဘယ်အစိုးရမှ လုပ်ဆောင်နိုင်စွမ်း မရှိသေးဘူး။ အစိုးရက ကိုယ်ထုတ်ထားတဲ့ ဥပဒေကို ကိုယ်တိုင် မလိုက်နာနိုင်ဘူး။ "ရှေ့နွား ဖြောင့်ဖြောင့်မသွားတော့၊နောက်နွားဖြောင့်ဖြောင့်မလိုက်"တာ မဆန်းပါဘူး။ ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှု နှင့် စီးပွါးရေး မူဝါဒကြောင့် နိုင်ငံ ဖွံဖြိုးတိုးတက်နိုင်တယ်။ စီမံအုပ်ချုပ်မှု ညံ့ဖျင်းရင်တော့ အကျင့်ပျက် လာဘ်စားမှုက နိုင်ငံကို လွှမ်းမိုးတတ်တယ်။ ချတ်ဒ် နိုင်ငံမှာ ကျေးလက်ကျန်မာရေးအတွက်ချပေးလိုက်တဲ့ ဘက်ဂျက်က ကျန်းမာရေး ဆေးပေးခန်းတွေကို ၁%ရာခိုင်နှုန်းထက် နည်းတဲ့ ပမာဏသာ ရောက်သတဲ့။ ဒီလိုမျိုး အကျင့်ပျက်လာဘ်စားမှုတွေ ကျွန်တော်တို့ နိုင်ငံမှာလည်း ပေါမှ ပေါ။ အစိုးရနဲ့ ပေါင်းစားတဲ့ ခရိုနီတွေ ရိုက်သတ်လို့ မကုန်ဘူး။ အပေါ်ဆုံးlevel ကနေစပြီးတော့ အောက်ခြေဝန်ထမ်းအထိ လာဘ်စားကြတယ်။ လုပ်ခ လစာလည်း နည်းတာကိုး။ အစိုးရဝန်ထမ်း အများစုက ဒီတိုင်းပြည် ဒီလူမျိုးကို ချစ်လို့၊ တိုင်းပြည်တိုးတက်အောင်လို့ ဝင်လုပ်နေကြတာ မထင်ဘူး။ ဒီနိုင်ငံမှာ ကြားနေရမြဲစကား က " အစိုးရအလုပ် မလုပ်ဘူးလား။ ဒီဘွဲ့နဲ့ဆို ဂွင်ကောင်းရင် ခဏလေးနဲ့ ချမ်းသာနိုင်တယ် နော်"။ အစိုးရဝန်ထမ်းတွေကို စော်ကားနေတာမဟုတ်ဘူး။ အပြင်လောကမှာလည်း ဒီအတိုင်းချည်းဘဲ။ လာဘ်မစားတဲ့၊ တိုင်းပြည် လူမျိုးကို ချစ်ပြီး တိုးတက်စေချင်တဲ့ ဝန်ထမ်းတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ရှားတာတော့ အမှန်ဘဲ။ကျွန်တော်တို့ နိုင်ငံက တိုးတက်ဖို့အတွက် မျှော်လင်ချက်ရှိသေးတယ်။ သို့သော် အကုန် ဝိုင်းဝန်းပြီး ကြိုးစားဖို့တော့လိုမယ်။Paul Collierက ဥပရောတွင် စီမံအုပ်ချုပ်မှုအကောင်းဆုံးဖြစ်တဲ့ ဂျာမနီရဲ့ခြေလှမ်းသုံးရပ်အပြင် တခြားအချက်တွေနဲ့လည်း အကြံပေးရေးသားထားသေးတယ်။
ဒီစာအုပ်ထဲမှာ ကျွန်တော် စိတ်ဝင်စားတဲ့ ဆင်းရဲခြင်းထွက်ပေါက်တစ်ခုက ပညာရေး။ ဒီနိုင်ငံရဲ့ ကြက်တူရွေး ပညာရေးစနစ်ထက်တော့ ပိုတာပေါ့။ ပညာသင်ခြင်းရဲ့ ရည်ရွယ်ချက်က "အကျိုးအကြောင်း ဆက်စပ်တွေးခေါ်တတ်ဖို့ နှင့် မိမိရဲ့ပညာကို လက်တွေ့အသုံးချပြီး လူအစည်းကို အကျိုးပြုနိုင်ဖို့" လို့ အကြမ်းအားဖြင့် ဆိုနိုင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ပညာရေးက ကျိုးကြောင်း ဆက်စပ်တွေးခေါ်နိုင်မှု အဆင့်တောင်မရောက်သေးဘူး။ ပညာရေးက နိမ့်ကျခဲ့တော့ ကျွန်တော်တို့ရဲ့ အသိကို စာအုပ်စာပေ နဲ့ ဖာထေးကြရလိမ့်မယ်။ မိမိကိုယ်ကို ၊ မိသားစု ၊လူမျိုး နှင့် တိုင်းပြည်ကို ချစ်လား ဒါဆိုရင် ပညာတတ်အောင် ကြိုးစားသင့်တယ်။ မျိုးဆက်သစ်တွေကို ကိုယ့်ထက် တစ်ဆင့်မြင့်အောင်ကြိုးစားရမယ်။ တောင်ကိုးရီးယားတွေ ပြောတဲ့စကားတစ်ခွန်း သဘောကျမိတယ်။ "ဆင်းရဲမွဲတေမှုဒဏ်ကို ခံစားဖူးတဲ့ နောက်ဆုံး မျိုးဆက်က သူတို့ဘဲ ဖြစ်စေရမယ်" တဲ့။ဒီလိုမဟုတ်ဘဲ တစ်ဆင့်ပြီး တစ်ဆင့်နိမ့်သွားရင်တော့ ကျောက်ခေတ်ပြန်ရောက်သွားမှာဘဲ။ နိုင်ငံရေး၊ပညာရေး ရေခံမြေခံမကောင်းတာမှန်ပေမဲ့ ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်တာ ဆက်လုပ်ဖို့လိုတယ်။ ပုံမှန်ထက် အဆပေါင်းများစွာ ပိုကြိုစားရလိမ့်မယ်။ Exodus၊ The Haj ၊ ဆိုင်ဂုံ၊ တတိယကမ္ဘာမှ ပထမကမ္ဘာသို့ စတဲ့ စာအုပ်တွေမှာ အစ္စရေး၊ ဗီယက်နမ်၊စင်္ကာပူတွေ သူတို့ကလေးတွေရဲ့ ပညာရေးကို ဘယ်လောက် တန်ဖိုးထားလဲ သိခွင့်ရတယ်။ ဒါကြောင့်လည်း သူတို့ နိုင်ငံတိုးတက်သွားတာပေါ့။
ဒီစာအုပ်ထဲမှ နိုင်ငံတစ်နိုင်ငံကို ဆင်းရဲစေတဲ့ (တရားခံ) အကြောင်းအရင်းများ၊ ထောင်ချောက်များ နှင့် ဆင်းရဲတွင်းမှ လွတ်မြောက်စေနိုင်တဲ့ နည်းဗျူဟာများ၊ အကြံပြုချက်များက စိတ်ဝင်စားစရာကောင်းတယ်။ ဒါကြောင့် "အောက်ခြေသန်းတစ်ထောင်" (The Bottom Billion) စာအုပ်က ဆင်းရဲဲခြင်းအကြောင်းတရားများ နှင့် နောက်ဆက်တွဲ ဆိုးကျိုးများကို စိတ်ဝင်စားသူ၊ ဆင်းရဲခြင်းထောက်ချောက်မှ လွတ်မြောက်လိုသူများအဖို့ ဖတ်သင့်တဲ့ စာအုပ်ကောင်း တစ်အုပ်လို့ ညွှန်းလိုက်ပါတယ်။