About this product
ประเภทของฉบับအတ္ထုပ္ပတ္တိ
ประเภทของปกหนังสือปกอ่อน
ผู้เขียนမြသန်းစံ
Product description
စာရေးသူအနေဖြင့် ၁၉၇၄ ခုနှစ်
တက္ကသိုလ်ကျောင်းသားဘဝက စ၍
ကဗျာ၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ဆောင်းပါး၊ ရုပ်ရှင် ဗွီဒီယို ဇာတ်ညွှန်း၊ သီချင်းများ ရေးသားခဲ့ဖူးသော်လည်း ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ၏ အတ္ထုပ္ပတ္တိကို တစ်ခါမျှ မရေးသားခဲ့ဘူးပါ။
၁၉၉၇ - ခုနှစ်က စ၍ ဓမ္မရသဆောင်းပါးများရေးသား၍ စာအုပ်များထုတ်ဝေခဲ့ခြင်း၊ သာထွန်း ပြန့်စာစောင်၊ ပေါ်ပြူလာဂျာနယ်၊ ယဉ်ကျေးလိမ္မာဓမ္မရသကလေးဂျာနယ်၊ အပ္ပမာဒ ဓမ္မရသမဂ္ဂဇင်း တို့တွင် အယ်ဒီတာ၊ အယ်ဒီတာချုပ်အနေဖြင့် စာမူများ ရွေးချယ်တည်းဖြတ်ခြင်းစသည့် စာပေတာဝန်များ ဆောင်ရွက်ခဲ့ဖူးသော်လည်း အတ္ထုပ္ပတ္တိစာအုပ်တစ်အုပ်ကို မည်သို့ စိစစ်တည်းဖြတ်ရေးသားရမည် ကို မလုပ်ဆောင်ခဲ့ဘူးပါ။
ရဟန်းဘဝသို့ရောက်၍ ဒုတိယမြောက်ဝါအဖြစ် ပါမောက္ခချုပ်ဆရာတော်ကြီး၏ ခြေတော်ရင်း၌ဩဝါဒ နိဿရည်းယူ၍ ဓမ္မဆိုင်ရာအသိအမြင် အဆုံးအမများ မှတ်သားရင်းက ဆရာတော်ကြီး၏ထေရုပ္ပတ္တိရေးဖို့အကြောင်းကံ ဖန်လာပါတော့သည်။
စာပေဖြတ်သန်းမှု အသင့်အတင့်ရှိခဲ့ပြီး ကဗျာ၊ သီချင်းနှင့် စာမျိုးစုံ ရေးသားမှု အတွေ့အကြုံရှိခဲ့ ဖူးသဖြင့် ဆရာတော်ကြီးက ယုံယုံကြည်ကြည်ဖြင့် ခွင့်ပြုလိုက်ဟန်တူပါသည်။
သို့သော် အမှန်တကယ် ရေးသားရန်လိုအပ်သည့် အချက်အလက်များ စုဆောင်းသည့် အချိန်၌မူ ယူလိုက်ရသည့် တာဝန်သည် ကြီးမားလှပြီး ပြုစုရေးသားရမည့် ရှေ့ခရီးသည် အကြီးအကျယ် ပင်ပန်းလှတော့မည့် “ခရီးခဲ” ဖြစ်နေသည်ကို ကြိုတင်သတိထားမိပါသည်။
သို့သော် မိုင်တစ်ထောင်ခရီးသည် ခြေတစ်လှမ်းက စရစမြဲဟု မိမိကိုယ်ကိုယ် အားပေးခဲ့ရ၏။အတ္ထုပ္ပတ္တိရှင် ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဂုဏ်တော်အပေါင်းကား မြင်းမိုရ်တောင်လောက်ဖြစ်၍ ရေးဖွဲ့မည့်သူ မိမိက ဂုဏ်ဒြပ်ဟူ၍ ဘာမျှမရှိသောသူဖြစ်နေခြင်းကလည်း မိမိစိတ်ကိုခြိမ်းခြောက်လာ ပြန်ပါသည်။ နောက်ဆုံးတွင် ဆရာတော်ကြီး၏ ယုံကြည်စွာ တာဝန် ပေးအပ်ခဲ့မှုကိုစဉ်းစားမိ၍ အားရှိ သွားခဲ့ပြီးမှ ၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၃)ရက်နေ့တွင် စတင်ရေးသားဖြစ်ခဲ့ပါတော့သည်။
ဤ ‘ဘဝခရီးနှင့် ဓမ္မဆီမီး’ စာအုပ်ကို မပြီးပြီးအောင် ရေးမည်ဟူသော သန္နိဋ္ဌာန်စိတ်က ဆွဲခေါ် သွားသဖြင့် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၉)ရက်နေ့တွင် အဆုံးသတ်နိုင်ခဲ့ပါ၏။ ရေးသားပြုစုရန် စတင်ပြင်ဆင်ချိန် ယမန်နှစ် (၁၃၈ဝ ပြည့်နှစ်၊ ဝါဆိုဦးကာလ)မှသည် ယခုနှစ် (၁၃၈၁ ခုနှစ် တော်သလင်းလပြည့်ကာလ) အထိ စုစုပေါင်း ၁ နှစ် နှင့် ၂ လ အချိန် ကြာမြင့်ခဲ့ပါ၏။
ဤသို့ဖြင့် စာအုပ်မူကြမ်းကို စိတ်တိုင်းကျ ပြုစုပြင်ဆင်ပြီးသည့်နောက် ဆရာတော်ကြီးထံ တင်ပြသည့်အခါ ဆရာတော်ကြီး၏စိတ်ချမ်းမြေ့မှုကို မြင်တွေ့ရသည့်အပြင် အမှာစာပါ ချီးမြှင့်ပေးလိုက်သည့်အတွက် မောပန်းခဲ့သမျှ ပြေပျောက်၍ ဓမ္မပီတိဇောဝီထိတို့ လွှမ်းခြုံသွားခဲ့ရပါတော့သည်။
တကယ်တော့ ပါမောက္ခချုပ်ဆရာတော်ကြီး၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့သည် ဤ ‘ဘဝခရီးနှင့်ဓမ္မဆီမီး’စာအုပ်ပါ အချက်အလက်၊ ရေးသားချက်မျှလောက်ဖြင့် ပြည့်စုံလုံလောက်မှု မရှိသေးပါ။ ဤစာအုပ်ထက်မက ပိုမိုနက်နဲ ကျယ်ဝန်းလှပါသည်။ ရေးသားဖို့ တေးထား၊ မှတ်ထားပြီးကာမှ မရေးသားဖြစ်ခဲ့သေးသော အချက်အလက်များစွာ ကျန်ရှိနေပါသေးသည်။ ထို့အတွက် ဤစာအုပ်နောက်ဆက်တွဲအဖြစ်
‘ပါမောက္ခချုပ်ဆရာတော်ကြီး၏ ထာဝရထိန်ထိန်ညီးနေဦးမည့် ဓမ္မဆီမီးအလင်းရောင်များ” အပိုင်းတွဲ စာအုပ်အလတ်ကလေးများ ဆက်လက်ရေးသွားရပါဦးမည်။ ထိုစိတ်ကူးကိုလည်း ဆရာတော်ကြီးထံ စာအုပ်မူကြမ်းတင်ပြရင်း လျှောက်ထားဖြစ်ခဲ့ပါသေးသည်။
ပါမောက္ခချုပ်ဆရာတော်ကြီးက ဆရာတော်ကြီး၏ဥပဇ္ဈာယ်ဆရာဖြစ်တော်မူသော နဝမမြောက်ရွှေကျင်သာသနာပိုင် စံကင်းဆရာတော်ကြီး၏ သက်တော်တစ်ရာပြည့်ကို ပူဇော်သည့်အနေဖြင့် ပါဠိ - မြန်မာ (၂)ဘာသာဖြင့် “ဂုရုဝဏ္ဏနာဂါထာတရာ” စာအုပ်ကို ရေးသားခဲ့ပါ၏။ ထိုစာအုပ်အမှာစာ၌ပါမောက္ခချုပ်ဆရာတော်ကြီးက -
“ဆရာတော်ဗရား သက်တော်တစ်ရာပြည့်နှစ်မှာ တပည့်က ‘ဂါထာတရာ’ ဖြင့် ပူဇော်ပါမည် ဟု အရင်တစ်နှစ်က ကတိစကားလျှောက်ကြားခဲ့၏။ ထိုကတိတာဝန်ကို ကျေပြွန်စေရန် ဤဂါထာ တရာ ကိုသီကုံးပါသည်။
ထိုသို့ သီကုံးရာ၌ ဆရာတော်ဗရား၏ နှစ်သက်မြတ်နိုးဖွယ် တင့်တယ်လန်းဆန်း ဂုဏ်အလှ ပန်းကလေးများကို ရွေး၍ လှနိုင်သမျှ လှစေရန် စွမ်းအားထုတ်ထားပါသည်။ သီကုံးသူ၏ မကျွမ်းကျင်မှုကြောင့် ပင်ကိုယ်က လန်းဆန်းနေသော ဂုဏ်ပန်းပွင့်ကလေးများ ထိခိုက်ညှိုးနွမ်းခဲ့သော် သီကုံးသူမိမိ၏တာဝန်သာ ဖြစ်ပါသည်” ဟု ရေးသားခဲ့ဖူးပါ၏။
ဤအမှာစာလေးကိုပင် မှီငြမ်း၍စာရေးသူအနေဖြင့် ဆရာ့ဖဝါးနောက်က တစ်ဖဝါးမကွာ ရေး သားလိုသည်မှာ - “ပါမောက္ခချုပ်ဆရာတော်ကြီး၏ သက်တော် (၈၀)ပြည့်နှစ်မှာ တပည့်တော်က ‘ဘဝခရီးနှင့် ဓမ္မဆီမီး’ ထေရုပ္ပတ္တိစာအုပ်ရေးသား၍ ပူဇော်ပါမည်” ဟု ယမန်နှစ်က ကတိစကားလျှောက်ကြားခဲ့ပါသည်။ ထိုကတိတာဝန်အတိုင်း ယခုအခါ ‘ဘဝခရီးနှင့် ဓမ္မဆီမီး’ စာအုပ်ကို ဆရာတော်ကြီးနှင့် စာချစ်သူတို့ထံ အရောက်ပို့ပေးနိုင်ခဲ့ပါပြီ။
ဤစာအုပ်ရေးသားရာ၌ ပါမောက္ခချုပ်ဆရာတော်ကြီး၏ နှစ်သက်မြတ်နိုးဖွယ် တင့်တယ် လန်းဆန်းဂုဏ်အလှပန်းကလေးများကို ရွေး၍ လှနိုင်သမျှ လှစေရန် စွမ်းအားထုတ်ထားပါသည်။ သီကုံးသူ၏မကျွမ်းကျင်မှုကြောင့် ပင်ကိုက လန်းဆန်းနေသော ဂုဏ်ပန်းပွင့်ကလေးများ ထိခိုက် ညှိုးနွမ်းသွားခဲ့သော် သီကုံးသူ မိမိ၏တာဝန်သာ ဖြစ်ပါသည်” ဟု . . . . ။
“သင်းပျံ့မွှေးသော ပန်းရနံ့” တို့ကို အများသူငါ မွှေးရနံ့ ခံစားစေဖို့ ‘လေပြေလေညင်း’တို့က တာဝန်ယူသယ်ဆောင်ပေးရပါသည်။ သို့သော် ပန်းတို့၌သာ သင်းပျံ့မွှေးသော ရနံ့တို့ရှိပြီး ဆောင်ပေးရသူလေညင်း၌ကား မွှေးရနံ့ကင်းမဲ့လှပါသည်။